ရှိရှိသမျှသောသတ္တဝါအားလုံးသည်
အနတ္တသဘောချည်းဖြစ်ခဲ့လျှင် မည်သည့်တရားသည် ဇာတိပဋိသန္ဓေ တဖန်ပြန်၍
နေပါသနည်း။ အကယ်၍ ဝိညာဉ်မရှိခဲ့လျှင် ဇာတိပဋိသန္ဓေသည် အဘယ်နည်းဖြင့်
တဖန်ပြန်၍ နေပါ သနည်း။ ဗုဒ္ဓ၏ ဝါဒအရ ဇာတိပဋိသန္ဓေ တဖန်ပြန်၍ နေခြင်းသဘောကို
အနတ္တ သို့မဟုတ် ဝိညာဉ်မဲ့တရားဒေသ နာနှင့်အညီ ရှင်းလင်း ဟောကြားတော်မူပါ
ဘုရား (မေးမြန်းလျှောက်ထားသူ - ဒေါက်တာ အေ၊ အမ်၊
ဘေကာ အမ်အေ၊ ပီအိပ်(ခ်ျ)ဒီ၊ ဘားအက်လော၊ ဒီအက်(စ်)စီ၊ ကွယ်လွန်သူ
အိန္ဒိယတရားဝန်ကြီးချုပ်ဟောင်း၊ ဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ။)
ဆရာတော်အရှင်အရိယဓမ္မ။ ဗုဒ္ဓဝါဒအရ ဇာတိပဋိသန္ဓေ
တဖန်ပြန်နေခြင်းသဘောဟာ အလွန်နက်နဲတယ်။ ရှင်းလင်းပြ ဖို့ရာလည်း ခက်ခဲတယ်။
နားလည်သဘောပေါက်ဖို့လည်း ခဲယဉ်းလှတယ်။ ဟိန္ဒူဝါဒ ဝိညာဉ် ကူးပြောင်းတယ်ဆိုတဲ့
သဘောနဲ့လည်း လုံးလုံးမတူဘူး။ ဒါကြောင့် ဒကာကြီး မှန်တချပ်ကို
ယူလာနိုင်ရင်တော့ မှန်ထဲမှာ အရိပ်ထင်လာတဲ့ သူကို ရုတ်တရက်
ဇာတိပဋိသန္ဓေအသစ်တဖန်ပြန်လာတဲ့သူအဖြစ်နဲ့ လက်တွေ့ ဥပ မာပြပြီးတော့
ရှင်းပြနိုင်ပါလိမ့်မယ်။ ဒေါက်တာ။ (အလွန်အံ့သြသွားပြီး) အသက်ရှင်လျက်ရှိနေသူတယောက်ကို ဇာတိပဋိသန္ဓေ တဖန်ပြန်ပြီးနေအောင် လုပ်နိုင်ပါ့မလား ဆရာတော်။ ဆရာတော် ဗုဒ္ဓရဲ့ရှုထောင့်မှနေပြီး ဒီလို
အသက်ရှင်နေတဲ့လူဟာ ဇာတိပဋိသန္ဓေပြန်နေလို့ ဖြစ်နိုင်တယ်လို့ ပြောရလိမ့် မယ်။
ဘာပြုလို့လဲဆိုတော့ ဒီ အခုတွေ့မြင်နေရတဲ့ ဒကာကြီးတို့ ဦးပဉ္ဇင်းတို့ရဲ့
ရုပ်သဏ္ဌာန်တွေမှာ အသွေးအသား၊ အရိုး၊ အကြောဆိုတဲ့ ရုပ်ကလာပ်တွေဟာ
မျက်စိတမှိတ် လျှပ်တပြက်အတွင်းမှာပင် ချုပ်ငြိမ်းပျက်သုဉ်းနေကြလို့ပဲ။ ဒီ
သဘောကို ယခု ခေတ်သစ်သိပ္ပံပညာကလည်း ဟုတ်မှန်ကြောင်း ဝန်ခံထားပြီပဲ။ (သို့နှင့် မှန်ယူလာသောအခါ)
ဆရာတော်။ (ဒကာကြီးအားခေါ်ပြီး) ကဲ ဒကာကြီး၊
မှန်ရှေ့မှာ ခဏရပ်ပါဦး။ ပြီးတော့ မှန်ထဲကလူနဲ့ ပတ်သက်တဲ့
မေးခွန်းတွေကိုလည်း သတိထားပြီး ဖြေပါဦး။ ကဲ ဒကာကြီး၊ မှန်ထဲမှာ
ဘယ်သူ့ကိုမြင်သလဲ။
ဒကာကြီး။ မှန်ထဲကလူဟာ တပည့်တော်ပါပဲ ဘုရား။ တခြားသူမဟုတ်ပါဘူး။
ဆရာတော်။ ကဲ ဒါဖြင့်ရင် မှန်ထဲကလူနဲ့ ဒကာကြီးဟာ နှစ်ယောက်လား၊ တယောက်တည်းလား။
ဒကာကြီး။ (ခေတ္တစဉ်းစားနေပြီးနောက်) မှန်ထဲကလူနဲ့တပည့်တော်ဟာ တယောက်တည်းပါပဲ ဆရာတော်။ ဒီလူပါပဲ။ တခြားလူ မဟုတ်ပါဘူး ဆရာတော်။
ဆရာတော်။ ကဲ ဒါဖြင့်ရင် မှန်ထဲကလူက ဘယ်ဘက်ကို မျက်နှာလှည့်ပြီး ဒကာကြီးက ဘယ်ဘက်ကို မျက်နှာလှည့် နေတုန်း။
ဒကာကြီး။ တပည့်တော်က အရှေ့ဘက်ကို မျက်နှာလှည့်ပါတယ်။ မှန်ထဲကလူက အနောက်ဘက်ကို မျက်နှာလှည့် ပါတယ် ဆရာတော်။
ဆရာတော်။ ဒကာကြီးက အရှေ့ဘက်ကို
မျက်နှာမူနေပြီး မှန်ထဲကလူက အနောက်ဘက်ကို မျက်နှာမူနေလို့ရှိရင် ဒကာကြီးနဲ့
အဲဒီ မှန်ထဲကလူဟာ တယောက်တည်း၊ တဦးတည်းပဲလို့ ဘယ့်နှယ်လုပ်ပြီး
ဒကာကြီးပြောနိုင်တာလဲ။
ဒကာကြီး။ (အနည်းငယ်အကြံအိုက်သွားပြီး) တပည့်တော်အဖြေကို ပြင်ဖြေပါရစေ ဆရာတော်။
ဆရာတော်။ ဖြေနိုင်ပါတယ်။
ဒကာကြီး။ မှန်ထဲကလူဟာ တပည့်တော်မဟုတ်ပါဘူး။ တပည့်တော်ရဲ့ အရိပ်ပါ ဆရာတော်။
ဆရာတော်။ မှန်ထဲကလူဟာ ဒကာကြီးတော့မဟုတ်ဘူး၊
ဒါပေမယ့် ဒကာကြီးရဲ့ အရိပ်ပဲလို့ဆိုရင် အဲဒီအရိပ်က ဒကာကြီး လုပ်သမျှကို
လိုက်လုပ်နိုင်မှာပေါ့။ ဟုတ်ရဲ့လား ဒကာကြီး။
ဒကာကြီး။ မှန်ပါတယ် ဆရာတော်။
ဆရာတော်။ ဒီလို ဒကာကြီးရဲ့အရိပ်မို့လို့
ဒကာကြီးလုပ်သမျှ အကုန်လုံးလိုက်ပြီး လုပ်တယ်လို့ဆိုရင် ဒကာကြီးရဲ့ အရိပ်
ထင်မှုပဲဖြစ်တဲ့၊ တနည်းအားဖြင့် ဒကာကြီးရဲ့အရိပ်ပဲဖြစ်တဲ့ ဓာတ်ပုံရှေ့မှာ
ဒကာကြီးက လက်ကို မြှောက်လိုက်ရင် ဒကာကြီးဓာတ်ပုံကလည်း လက်ကိုလိုက်ပြီး
မြှောက်ပါ့မလား။
ဒကာကြီး။ အရိပ်ထင်ထားတဲ့ ဓာတ်ပုံကတော့ တပည့်တော်လုပ်သလို လိုက်လုပ်မှာမဟုတ်ပါဘူး ဆရာတော်။
ဆရာတော်။ ဒီလိုဆိုရင် လူတယောက်ရဲ့အရိပ်က အဲဒီလူလုပ်သမျှ လိုက်ပြီးလုပ်တယ်ဆိုတဲ့ ဒကာကြီးရဲ့စကားဟာ မမှန်တော့ဘူးပေါ့။
ဒကာကြီး။ မမှန်ပါဘူး ဆရာတော်။
ဆရာတော်။ ကဲ ဒကာကြီး၊ မှန်ရှေ့မှာခဏ
မတ်တတ်ရပ်ပါဦး။ ကဲ .. ဒကာကြီးရဲ့ ညာဘက်လက်ကိုမြှောက်ပြီး ပြန်ချ
လိုက်ပါဦး။ ကဲ ဒကာကြီး လုပ်သလို မှန်ထဲကလူက လုပ်သလား။
ဒကာကြီး။ လုပ်ပါတယ် ဆရာတော်။
ဆရာတော်။ ကဲ ဒီလို မှန်ထဲကလူဟာ
ဒကာကြီးလုပ်သလို လိုက်လုပ်လို့ရှိရင် မှန်ထဲကလူဟာ ဓါတ်ပုံထဲကလူလို
ဒကာကြီးရဲ့ အရိပ်ပါပဲ။ ဒကာကြီးက မဟုတ်ပါဘူးလို့ငြင်းနိုင်ပါ့မလား။ ဒကာကြီးက
ငြင်းနေမယ်ဆိုရင် ပရိဿတ်ထဲက လူတယောက်ကိုခေါ်ပြီး မေးရဦးမှာလား။
ဒကာကြီး။ ခေါ်ဖို့မလိုတော့ပါဘူး ဆရာတော်။ မှန်ထဲကလူဟာ တပည့်တော်ပါပဲလို့ တပည့်တော်ရဲ့အဖြေကို ပြန်ပြင်ဖြေ ပါရစေ ဆရာတော်။
ဆရာတော်။ ကဲ ဦးပဉ္ဇင်းပြခဲ့တဲ့
အကြောင်းပြချက်တွေအရ မှန်ထဲကလူဟာ တခြားလူမဟုတ်ဘဲ ဒကာကြီးပါပဲလို့ဆိုရင်
ဒကာကြီးကို ဦးပဉ္ဇင်း တမျိုးမေးရဦးမယ်။ တကယ်လို့ မှန်ကို ဦးပဉ္ဇင်းက
တူနဲ့ထုပြီး ခွဲလိုက်ရင် မှန်ထဲကလူဟာ တခါ တည်း ပျောက်ကွယ်သွားလိမ့်မယ်။
အဲဒီလိုပျောက်ကွယ်သွားရင် ဒကာကြီးကောတခါတည်းပျောက်ကွယ်သွားမှာလား။
ဒကာကြီး။ တပည့်တော်ကတော့ ဘယ်ပျောက်ကွယ်သွားပါ့မလဲ ဆရာတော်။
ဆရာတော်။ ဒီလို မှန်ထဲကလူ
ပျောက်ကွယ်သွားပါလျက်နဲ့ ဒကာကြီးက ပျောက်ကွယ်မသွားဘူးဆိုလို့ရှိရင်
ဒကာကြီးနဲ့ မှန်ထဲကလူဟာ တယောက်တည်းမဟုတ်တော့ဘူး။ တခြားစီပေါ့။
ဒကာကြီး။ တခြားစီလည်း မဟုတ်ပါဘူး ဆရာတော်။
တပည့်တော်တော့ ဆရာတော်ရဲ့မေးခွန်းတွေကို ဖြေကို မဖြေတတ် တော့ပါဘူး ဆရာတော်။
ဆရာတော်ကသာ ဇာတိပဋိသန္ဓေ တဖန်ပြန်နေခြင်းဆိုတဲ့ သဘောကို ပိုပြီး
ထင်ထင်ရှားရှား သိမြင်နားလည်အောင် ရှင်းပြပါတော့။
ဆရာတော်။ မှန်ထဲမှာလာထင်တဲ့အရိပ်ဟာ
ဗုဒ္ဓအလိုတော်ကျ ဇာတိပဋိသန္ဓေတဖန်ပြန်နေတဲ့သဘောနဲ့ တထပ်တည်း ပဲ။ ဟိန္ဒူဝါဒအရ
ဝိညာဉ်ကူးပြောင်းတဲ့သဘောနဲ့ လုံးဝမတူဘူး ဆိုတာကိုလည်း ထင်ရှားစေတယ်။
မှန်ထဲကအရိပ်ဟာ ဇာတိပဋိသန္ဓေတဖန်ပြန်နေသူသည် ကွယ်လွန်စုတေသူလည်းမဟုတ်၊
သို့သော် အခြားသူ လည်းမဟုတ် ဆိုတဲ့ ဗုဒ္ဓရဲ့ စကားနဲ့လည်း ကိုက်ညီတယ်။ ကဲ
ဒီဥပမာကိုကြည့်ပြီးတော့ မှန်ထဲမှာ အရိပ်ထင် တဲ့လူဟာ မှန်ရှေ့မှာရပ်နေတဲ့လူ
လည်း မဟုတ်၊ သို့ရာတွင် တခြားသူလည်းမဟုတ် ဆိုတဲ့ စကားကို ဒကာကြီး
သဘောပေါက်ပြီ မဟုတ်လား။
သဗ္ဗညုတဉာဏ်တော်ရှင် ဗုဒ္ဓကိုယ်တော်တိုင်
ပြည့်ပြည့်စုံစုံဟောကြားတော်မူတဲ့ ဗုဒ္ဓရဲ့ဝါဒဟာ ပဋိစ္စသမုပ္ပာဒ် တရားတော်မှာ
အခြေတည်ထားတယ်။ ပြီးတော့ အကြောင်းတရားမရှိဘဲနဲ့ အကျိုးတရားဆိုတာ
မပေါ်ပေါက်နိုင် ဘူးလို့ အတိ အလင်း မြွက်ဆိုထားတယ်။ ဗုဒ္ဓဝါဒအရ ဇာတိပဋိသန္ဓေ
အသစ်တဖန်ပြန်နေခြင်းသဘောနဲ့ ဆိုင်တဲ့ ပြဿနာမှာ ဒီ ပဋိစ္စသမုပ္ပာဒ်တရားကို
ပိုပြီးရှင်းလင်းအောင် မှန်ထဲကလူနဲ့ မှန်ရှေ့မှာရပ်နေတဲ့လူတွေကို
လက်တွေ့ပြခဲ့ပြီ။ ဒီနေရာမှာ မှန်ရှေ့မှာရပ်နေတဲ့လူက အကြောင်းတရားပဲ။
မှန်ထဲမှာလာထင်တဲ့အရိပ်က အကျိုးတရားပဲ ဒကာကြီး။
တနည်းအားဖြင့်ဆိုရရင် မှန်ထဲကအရိပ်ဟာ
မှန်ရှေ့ကလူရဲ့ ဇာတိပဋိသန္ဓေတဖန်ပြန်နေတဲ့လူပဲ။ ဒါပေမယ့် မှန်ထဲက အရိပ်နဲ့
မှန်ရှေ့ကလူဟာ တယောက်တည်းပဲလို့ဆိုရင်မှားလိမ့်မယ်။ ဒီလိုမဆိုနိုင်ပေမယ့်
မှန်ထဲက အရိပ်ဟာ မှန်ရှေ့ ကလူ မဟုတ်ဘဲ တခြားလူလို့လည်း မဆိုနိုင်ဘူး။
ဒါကြောင့် ဒီအရိပ်နဲ့ လူဟာ ဘာလဲလို့မေး ရင် အခုနက ပြောခဲ့သလို တခုက
အကြောင်းတရားဖြစ်ပြီး တခုက အကျိုးတရားဖြစ်ရလိမ့်မယ်လို့ပဲ ဆိုရမယ်။
ဗုဒ္ဓဝါဒအရ ဇာတိပဋိသန္ဓေ
အသစ်တဖန်ပြန်နေခြင်းသဘော ပိုပြီး ရှင်းသည်ထက်ရှင်းအောင် သမုတိသစ္စာနဲ့ ပရမတ္ထ
သစ္စာ ဆိုတဲ့ တရားနှစ်ပါးကိုလည်း ဆန်းစစ်ဘို့ လိုသေးတယ်။ သမုတိသစ္စာဆိုတာက
ဒီကမ္ဘာလောကကြီးနဲ့တကွ ဘုံ အသီးသီးမှာရှိတဲ့ သတ္တဝါတွေ၊ တရားစုတွေကို မျက်စိ၊
နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် စတဲ့ တရားစုနဲ့ မြင်၊ ကြား၊ နမ်း၊ စား၊
တွေ့၊ ထိ၊ ခံစားရတဲ့အတိုင်း အမှန်တကယ် ဟုတ်တယ်လို့ ယူဆထားတဲ့ သစ္စာတရားပဲ။
ဒီသစ္စာတရားအရ အကြင်လူတဦးတယောက်က ငါဟာ ငါတို့ရဲ့ ကုသိုလ်ကောင်း မှုကြောင့်
ငါသေလို့ရှိရင် နတ်ဘုံကိုရောက်လိမ့်မယ်လို့ ပြောနိုင်တယ်။ ဒါပေမယ့်
ဒီသစ္စာတရားဟာ တကယ့် သစ္စာတရားမဟုတ်ဘူး။ လူ၊ နတ်၊ ဗြဟ္မာ ဆိုတဲ့
ပုဂ္ဂိုလ်တဦးဦး ဟာ တကယ်သာတည်ရှိမယ်ဆိုရင် အဲဒီ ခန္ဓာကိုယ်ရုပ်ကောင်ကြီးဟာ
သူ့ကိုယ်သူ ထိန်းသိမ်းနိုင်ရမယ်။ မအိုရဘူး၊ မနာရဘူး၊ မသေရဘူး။ တကယ်လို့
ဒီခန္ဓာကိုယ်ရုပ်ကောင်တိုင်းမှာ မူလဗီဇကတည်းက အိုမင်းခြင်း၊ ပျက်စီးခြင်း၊
နာခြင်း၊ သေခြင်းဆိုတဲ့ သဘောတွေပါလာကြတယ်ဆိုရင် ဒီတရားစုတွေဟာ အနိစ္စပေါ့။
မမြဲဘူး။ အိုမင်းခြင်း၊ နာဖျား ခြင်း၊ သေဆုံးခြင်း ဆိုတာတွေကလည်း ဒုက္ခ
ဆင်းရဲခြင်းပေါ့။ နောက်ဆုံး မအိုအောင်၊ မနာအောင်၊ မသေအောင် မလုပ်နိုင်ဘူး
ဆိုတာတွေကလည်း အနတ္တပဲ။ ဘာမျှ အနှစ်သာရမရှိတဲ့သဘောပဲ။
ပရမတ္ထသစ္စာကမှ တကယ့် သစ္စာတရားဖြစ်တယ်။
ဒီတရားအရ ဘယ်ခန္ဓာကိုယ်ရုပ်ကောင်မှ မရှိဘူး။ ဘယ်ကမ္ဘာ၊ ဘယ်ဘုံရယ်လို့မှ
မရှိဘူး။ ရူပက္ခန္ဓာ၊ ဝေဒနက္ခန္ဓာ၊ သညက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ ဆိုတဲ့
ခန္ဓာငါးပါးသာရှိ တယ်။ ဒီခန္ဓာငါးပါးမှအပ အခြားသော သတ္တဝါရယ်လို့မှ မရှိဘူး။
သစ္စာလေးပါးကို မသိမမြင်တဲ့သူ၊ ဒီမြင့်မြတ်တဲ့တရား စုကို အလေးဂရုမပြုသူ၊
နားမလည်သူတို့ကသာ ဒီရုပ်တရားတွေကို ငါ့ရဲ့ ခန္ဓာကိုယ်လို့ စွဲမှတ်ကြတယ်။
ဒီလို ရုပ်တရား တွေကို ငါ့ရဲ့ ခန္ဓာကိုယ်လို့ပဲ စွဲမှတ်ကြသလို
ဝေဒနက္ခန္ဓာတို့၊ သညက္ခန္ဓာတို့၊ သင်္ခါရက္ခန္ဓာတို့၊ ဝိညာဏက္ခန္ဓာတို့ကိုလည်း
သူပိုင်တရားတွေပဲလို့ စွဲမှတ်ကြတယ်။ ဒီစွဲမှတ်ချက်တွေကို အရင်းခံပြီး
အတ္တအစွဲ၊ အတ္တတရားတွေ ပေါ်ပေါက်လာကြ တာပဲ ဒကာကြီးရဲ့။
ဒါကြောင့် ဗုဒ္ဓရဲ့ဝါဒအရ ဇာတိပဋိသန္ဓေ
အသစ်တဖန်ပြန်နေခြင်းဆိုတဲ့ သဘောအရ အတိတ်ဘဝက ခန္ဓာငါးပါးဟာ
အကြောင်းတရားဖြစ်ပြီး ပစ္စုပ္ပန်ဘဝမှာရှိတဲ့ ခန္ဓာငါးပါးက အကျိုးတရားဖြစ်တယ်။
တဖန် ပစ္စုပ္ပန်ဘဝက ခန္ဓာငါးပါးဟာ အကြောင်းတရားဖြစ်ပြီး ရှေ့အနာဂတ်ဘဝမှာ
ဖြစ်ပေါ်လာရမယ့် ခန္ဓာငါးပါးဟာ အကျိုးတရားဖြစ်ရမယ်။ ဒါပေမယ့် အတိတ်ဘဝက
ခန္ဓာငါးပါးတရားတွေနဲ့ ယခု ပစ္စုပ္ပန်ဘဝမှာရှိတဲ့ ခန္ဓာငါးပါးတရားတွေဟာ
အတူတူပဲလို့ဆိုရင်မှားမယ်။ တဖန် အတိတ်ဘဝက ခန္ဓာငါးပါးတရားတွေနဲ့ ကင်းလွတ်တဲ့
တခြားခန္ဓာငါးပါးတရားတွေဖြစ်တယ်လို့ဆိုရင်လည်း မမှန် ဘူး။
ဘာပြုလို့လဲဆိုတော့ ယခု ပစ္စုပ္ပန်ဘဝမှာရှိတဲ့ ခန္ဓာငါးပါးတရားတွေနဲ့ အဲဒီ
ခန္ဓာငါးပါးတရားစုတို့ရဲ့ လှုပ်ရှားမှု၊ ပြုလုပ်မှုတွေကနေပြီး အနာဂတ်ဘဝမှာ
ခန္ဓာငါးပါးတရားတွေပေါ်လာရမှာကိုး ဒကာကြီးရဲ့။ အဲဒီတော့ ဘယ်တရားဟာ
ဇာတိပဋိသန္ဓေ တဖန်ပြန်နေသလဲ ဆိုတဲ့ ပြဿနာဟာ ရှင်းသွားပြီမဟုတ်လား ဒကာကြီး။
ရူပက္ခန္ဓာတရားတွေ၊ ဝေဒနက္ခန္ဓာတရားတွေ၊
သညက္ခန္ဓာတရားတွေ၊ သင်္ခါရက္ခန္ဓာတရားတွေ၊ ဝိညာဏက္ခန္ဓာ တရားတွေ ဒီတရားတွေထဲက
ဘယ်တရားမှ မှန်ထဲကိုဝင်သွားတာ မမြင်ရဘူး။ ဒါပေမယ့်
မှန်ရှေ့မှာရပ်နေတဲ့လူကို မှန်ထဲမှာ တထေရာတည်း လုံးဝဥဿုံ အကုန်မြင်နေရတယ်။
မှန်ရှေ့ကလူကဘာလုပ်လုပ်၊ မှန်ထဲကလူက တခုမကျန် တိတိကျကျ အကုန်လိုက်လုပ်တယ်။
ဘယ်လောက် လိုက်လုပ်သလဲဆိုတော့ အနားကကြည့်နေတဲ့ လူကတောင် မှန် ထဲကလူနဲ့
မှန်ရှေ့ကလူဟာ တယောက်တည်းပဲလို့ ပြောရတယ်မဟုတ်လား။ တကယ်တော့ မှန်ထဲကလူနဲ့
မှန်ရှေ့ကလူဟာ တယောက်တည်းလည်း မဟုတ်ဘူး၊ တခြားလူလည်း မဟုတ်ဘူး။ ကဲ ဒကာကြီး၊
ဗုဒ္ဓဝါဒအရ ဇာတိ ပဋိသန္ဓေ အသစ်တဖန်ပြန်နေခြင်းသဘောကို သဘောပေါက်သွားပြီလား။
ဒကာကြီး။ ဆရာတော် လက်တွေ့ဥပမာပေးပြီး ရှင်းလင်းပြတဲ့အတွက်သဘောပေါက်နားလည်ပါပြီ။
ထိုနောက် တရားနာပရိဿတ်ထဲမှ ဒကာကြီးတယောက်က ထ၍ ...
ဒီ ဇာတိပဋိသန္ဓေ နေခြင်းသဘောနဲ့ပတ်သက်လို့
အခုလို နားလည်သဘောပေါက်အောင် ဟောပြောပြတာကို ဒီတခါ ပထမဆုံး ကြားနာရပါတယ်။
ကြားနာရတဲ့အတိုင်းလည်း ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ပါတယ် ဆရာတော်။
ဆရာတော်။ (မေးခွန်းရှင် ဒေါက်တာ အေအမ် ဘေကာ
ဘက်လှည့်ကာ) ကဲ ဒကာကြီး၊ ဗုဒ္ဓဝါဒအရ ဇာတိပဋိသန္ဓေ တဖန်ပြန်နေတဲ့နေရာမှာ
ဝိညာဉ် ဆိုတာတွေ့သေးရဲ့လား၊ တနည်းအားဖြင့် အတ္တဆိုတဲ့တရားကို တွေ့သေးရဲ့လား။
ဒကာကြီး။ မှန်ပါ၊ ဝိညာဉ်တို့၊
အတ္တတို့ဆိုတဲ့တရားတွေဟာ လူတွေရဲ့စိတ်တွေပေါ်မှာ
ဖုံးအုပ်နေတဲ့အဝိဇ္ဇာတရားကြောင့် တကယ်ရှိတယ်လို့ ထင်မြင်နေကြရတဲ့
တရားတွေပါပဲ ဆရာတော်။ ဒီတရားတွေဟာ ရှေးသမားရိုးကျ ယုံကြည်ယူဆ
လာခဲ့ကြတဲ့တရားတွေပါ။ ယခုတော့ ကွယ်ပျောက်ကုန်ပါပြီ ဆရာတော်။
တပည့်တော်မေးတဲ့ မေးခွန်းကို ကျေနပ် ရှင်းလင်းအောင် ဆရာတော်
ဟောကြားပြီးပါပြီ။ တပည့်တော်ရဲ့မေးခွန်းကို ဆရာတော်က အနတ္တရဲ့သဘောနဲ့
ရှင်းလင်း အောင် ဖြေဆိုပြီးပါပြီ။ သာဓု ဆရာတော်၊ သာဓု သာဓု။
ပရိဿတ်အားလုံးသည် ဆရာတော်၏ဖြေရှင်းချက်ကို သဘောကျသဖြင့် သာဓုအနုမောဒနာ ခေါ်ကြကုန်လေသည်။