Pages

Wednesday, October 8, 2014

Google က Multi-Window စွမ်းဆောင်ချက်ကို Android Update တွင် ထည့်သွင်းပေးမည် ဆိုပါလား

စမတ်ဖုန်းများ၏ မျက်နှာပြင်များသည် ကြီးမားလာသည့်အတွက် Apps များကို ဘေးချင်းယှဉ်၍ တစ်ပြိုင်နက် အသုံးပြုနိုင်သော စွမ်းဆောင်ချက်သည် အရေးပါလာပါသည်။ Samsung က သူ၏ စမတ်ဖုန်းများတွင် Multi-Window စွမ်းဆောင်ချက်ကို ထည့်သွင်းပေးထား သကဲ့သို့ Apple ကလည်း iPhone 6 Plus အတွက် iOS 8 တွင် အဆိုပါ စွမ်းဆောင်ချက်မျိုးကို အသုံးပြုနိုင်ရန် ပြုပြင်ပေးထားပါသည်။ ယခုအခါ Google ကလည်း အလုပ်များစွာ သို့မဟုတ် App များစွာကို တစ်ပြိုင်နက် အသုံးပြုနိုင်သော စွမ်းဆောင်ချက်ကို အနာဂတ် Android Update များတွင် ထည့်သွင်းပေးတော့မည်ဟု သိရပါသည်။

Android Police မှ သတင်းအရ Google ၏ Mulit-Window စွမ်းဆောင်ချက်များ၏ အသေးစိတ် အချက်အလက်များကို ဖော်ပြထားပါသည်။ သို့သော် အဆိုပါ စွမ်းဆောင်ချက်များကို မည်သည့်အချိန်တွင် ထည့်သွင်းပေးမည်ဆိုသည်ကို Android Police က ရေးသားထားခြင်း မရှိပါ။ Google က အဆိုပါ စွမ်းဆောင်ချက်ကို ၂၀၁၃ ခုနှစ် နှောင်းပိုင်း ကတည်းက တီထွင်နေခြင်း ဖြစ်ပါသည်။

Google ၏ Multi-Window သည် Samsung နှင့် တူညီသော်လည်း ကွာခြားချက်မှာ Google ၏ စွမ်းဆောင်ချက်အသစ်များတွင် Homescreen သို့မဟုတ် မကြာမီက အသုံးပြုခဲ့သော Apps များကို မျက်နှာပြင်၏ တစ်ဖက်တွင် ကြည့်ရှုနိုင်ပါသည်။ Multi-Window ကို အသုံးပြုနေစဉ်တွင်“ Ok Google” Voice Command ကို အသုံးပြု၍ Google Now ကိုယ်ရေးလက်ထောက်ကို အသုံးပြုနိုင် မည် ဖြစ်သည်။ ဘေးချင်းယှဉ်၍ အသုံးပြုနေသော Apps များမှ စာသားများ ၊ ဓါတ်ပုံများကို Drag ပြုလုပ်၍ App တစ်ခုမှ အခြား တစ်ခုဆီသို့ ကူးယူနိုင်မည် ဖြစ်သည်။

Google ၏ Multi-Window ကို စမတ်ဖုန်းနှင့် တက်ဘလက် နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ Android L သို့မဟုတ် မည်သည့် Android Update တွင် ထည့်သွင်းပေးမည်ဆိုသည်ကို မသိရသေးပါ။ Google က အရွယ်ကြီးမားသော Nexus 6 နှင့် ကိုးလက်မ အရွယ် Nexus Tablet များကို ယခုလကုန်တွင် ကြေညာမည်ဟု သတင်းများထွက်ပေါ်နေသဖြင့် Multi-Window စွမ်းဆောင်ချက်ကို အဆိုပါ Device အသစ်များတွင် ထည့်သွင်းပေးမည်လားဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

https://www.facebook.com/MyanmarDigitalLife